နောက်ဆုံးသော အချိန်ကာလ

1နောက်ဆုံးသော နိ့ရက်များသည် ခဲယဉ်းသော ကာလများဖြစ်လာမည် ကို သိမှတ်လော့။ 2တစ်ကိုယ်ကောင်းဆန်သူ၊ ငွီကို တပ်မက်သောသူ၊ ကြွားဝါသောသူ၊ မာနထောင်လွှားသောသူ၊ ကျိန်ဆဲတတ်သောသူ၊ မိဖ၏စကားကို နားမထောင်သောသူ၊ ကျေးဇူးမသိတတ်သောသူ၊ မသန့်ယှင်းသောသူ၊ 3မေတ္တာတရားကင်းမဲ့သောသူ၊ ခွင့်မလွှတ်တတ်သောသူ၊ အခြင်းပြောတတ်သောသူ၊ ကိုယ့်​ဣ​န္ဒြေ​ကို မ​ချုပ်​တည်း​နိုင်​သော​သူ၊ အကြမ်းဖက်သောသူ၊ ကောင်းမြတ်သည့်အရာကို မုန်းသောသူ၊ 4သစ္စာဖောက်သောသူ၊ ဆင်ခြင်တုံတရားကင်းမဲ့သောသူ၊ မိမိကိုယ်ကို အထင်ကြီးသောသူများနှင့် ဘုရားဝတ်၌ မွိ့ပျော်ခြင်းထက် လောကီပျော်မွိ့ခြင်းကို သာ၍ နှစ်သက်သောသူတိ ပေါ်လာကြလိမ့်မည်။ 5ထိုသူရို့သည် ဘုရားဝတ်၌ မွိ့လျော်ယောင် ဆောင်ကြသော်လည်း ဘုရားသျှင်၏တန်ခိုးတော်ကို ငြင်းပယ်ကြ၏။ ထိုကဲ့သို့သော သူတိကို ယှောင်ယှားလော့။ 6ထိုသူရို့သည် အိမ်များထဲသို့ ဝင်ရောက်ကာ၊ ဒု​စ​ရိုက်​အပြစ်​ဝန်​ကို ထမ်း​၍ အမျိုးမျိုးသော လောကီတပ်မက်မှုနောက်သို့ လိုက်ပါလျက်၊ ယုံလွယ်သော မိန်းမရို့ကို သိမ်းသွင်းကြ၏။ 7ထိုမိန်းမရို့သည် အစဉ်မလတ် သင်ယူကြသော်လည်း သမ္မာတရားကို သိကျွမ်းခြင်းသို့ မရောက်နိုင်ကြပေ။ 8ယန္နေနှင့် ယံဗြေရို့သည် မောသျှေကို ဆန့်ကျင်ခကြသည့်နည်းတူ ဤသူရို့သည်လည်း သမ္မာတရားကို ဆန့်ကျင်လျက်ဟိကြ၏။ သူရို့၏စိတ်နှလုံးသည် ပျက်စီးယိုယွင်းလျက် ဟိသောကြောင့် ယုံကြည်ခြင်းတရားကို ငြင်းပယ်ကြ၏။ 9သို့သော်လည်း သူရို့သည် ကြာရှည်စွာ ရပ်တည်နိုင်ကြလိမ့်မည် မဟုတ်ပေ။ အကြောင်းမူကား သူရို့၏မိုက်မဲခြင်းများကို လူတိုင်း မြင်လာကြလိမ့်မည်။