နောက်ဆုံး ညွှန်ကြားချက်များ

10သို့သော်လည်း သင်သည် ငါ၏ဩဝါဒတရား၊ ငါ၏အပြုအမူ၊ ငါ၏ရည်ရွယ်ချက်ကို သိနားလည်ပြီးဖြစ်၏။ သင်သည် ငါ၏ယုံကြည်ချက်၊ ငါ၏စိတ်ရှည်ခြင်း၊ ငါ၏မေတ္တာတရား၊ ငါ၏သည်းခံခြင်း၊ 11 ငါခံခရသည့် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဒုက္ခဆင်းရဲခြင်းများကို လေ့လာသိမှတ်ထားပြီးဖြစ်ပေ၏။ အန္တိအုတ်မြို့၊ ဣကောနိမြို့နှင့် လုတ္တိရမြို့များတွင် ငါ၌ ဖြစ်ခသမျှအားလုံးကို သင်သိပေ၏။ ထို့အပြင် လုတ္တရမြို့၌ ငါ ကြံ့ကြံ့ခံခသည့် ကြောက်မက်ဖွယ်ရာ ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်း သင်သိပေ၏။ ဤသို့ ခံခရသော်လည်း သခင်ဘုရားသည် ထိုဒုက္ခအားလုံးမှ ငါ့ကို ကယ်နှုတ်တော်မူခ၏။ 12အမှန်စင်စစ် ခရစ်တော်ယေသျှု၌ တည်လျက် ဘုရားဝတ်၌ မွိ့လျော်ခြင်းအသက်တာကို လိုလားတောင့်တသော သူတိုင်းသည် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရလိမ့်မည်။ 13ဆိုးယုတ်သောသူနှင့် အယောင်ဆောင်လှည့်စားတတ်သော သူရို့သည် ဆိုးသည်ထက် ဆိုးလာကြလိမ့်မည်၊ သူရို့သည် သူတစ်ပါးကို လှည့်စားကြသည့်အပြင် မိမိကိုယ်တိုင်လည်း လှည့်စားခြင်းကို ခံရကြလိမ့်မည်။ 14သို့ရာတွင် သင်သည်ကား မိမိ သင်ယူထားသော သမ္မာတရား၌ မြဲမြံ၍ ခိုင်မာသော ယုံကြည်ခြင်း ဟိလော့။ အကြောင်းမူကား သင်သည် ဇာသူ့ပါးက သင်ယူခသည်ကို သင် သိ၏၊ 15ထို့အပြင် သင်သည် ခရစ်တော်ယေသျှု၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းနှင့်ဆိုင်သော အသိဉာဏ်ကို ပီးနိုင်သည့် သန့်ယှင်းသော ကျမ်းစာတော်မြတ်ကို ငယ်ရွယ်စဉ်ကတည်းကပင် သိထားပြီးဖြစ်သည်ကို သိမှတ်လော့။ 16ကျမ်းစာတော်မြတ် အားလုံးသည် ဘုရားသခင် မှုတ်သွင်းထားတော်မူသည်ဖြစ်၍ ထိုကျမ်းစာတော်မြတ်သည် သမ္မာတရားကို သွန်သင်ခြင်း၊ အပြစ်ကို ဖော်ပြ၍ ဆုံးမခြင်း၊ အမှားကို ပြုပျင်ခြင်း၊ မှန်သောအသက်လမ်းကို ညွှန်ပြပီးခြင်း၌ အသုံးဝင်တော်မူ၏။ 17ထို့ကြောင့် ကျမ်းစာတော်မြတ်သည် ဘုရားသခင်၏အစီခံတစ်ယောက်၌ ကောင်းသောအမှု အမျိုးမျိုးကို ဆောင်ရွက်နိုင်ရန် အရည်အချင်းများနှင့် ပြည့်ဝ စီတော်မူ၏။

1ကိုယ်​တော်သည် ပေါ်​ထွန်း၍ နိုင်ငံတော်​ထင်​ရှား​သော​ကာ​လ၊ သီလွန်သောသူနှင့် အသက်ရှင်သောသူရို့ကို တရားစီရင်မည့် ခရစ်တော်ယေသျှု၏ ရှိ့တော်၌ လည်းကောင်း၊ ဘုရားသခင်၏ ရှိ့တော်၌ လည်းကောင်း သင့်အား အလေးအနက် တိုက်တွန်းလိုက်သည်မှာ၊ 2အခွင့်အခါ ကောင်းသည်ဖြစ်စီ၊ မကောင်းသည်ဖြစ်စီ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်း နှိုးဆော်တိုက်တွန်းခြင်းကို ပြုလော့၊ စည်ရုံးသိမ်းသွင်းခြင်း၊ အပြစ်ကို ဖော်ပြ၍ သွန်သင်ခြင်း၊ တိုက်တွန်းခြင်း၊ စိတ်ရှည်စွာဖြင့် သြဝါဒ ပီးခြင်းကို ပြုလော့။ 3လူရို့သည် မှန်ကန်သည့် ဩဝါဒတရားများကို နားမထောင်ဘဲ၊ မိမိရို့၏အလိုဆန္ဒနှင့်အညီ၊ မိမိရို့နားထောင်လိုသော စကားများကို ပြောကြားပီးမည့် ဆရာသမားရို့ကို လိုက်ရှာမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။ 4သူရို့သည် သမ္မာတရားကို ကြားနာခြင်းငှာ ငြင်းပယ်၍ ဒဏ္ဍာရီစကားများကိုသာ အာရုံစိုက် နားထောင်ကြလိမ့်မည်။ 5သို့ရာတွင် သင်သည် အရာရာ၌ သမ္မာသတိဟိလော့။ ဆင်းရဲဒုက္ခ၌ သည်းခံလော့။ သတင်းကောင်းတရား ဟောပြောခြင်း အမှုကို ဆောင်ရွက်လော့။ ဘုရားသခင်၏ အစီခံတစ်ယောက်အဖြစ်ဖြင့် မိမိ၏တာဝန်အားလုံးကို ဆောင်ရွက်လော့။

6ငါအတွက်မူကား၊ မိမိအသက်ကို ပူဇော်ဆက်ကပ်ရမည့် အချိန်တည်းဟူသော ဤဘဝမှ စွန့်ခွာရမည့် အချိန်သည် ရောက်လာလေပြီ။ 7ငါသည် အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ကြိုးစားပြီး အဆုံးတိုင်အောင် ဗြီးခပြီးယာ၊ ငါသည် ယုံကြည်ခြင်းတရားကို စောင့်ထိန်းခယာ။ 8သို့ဖြစ်၍ အဂုအချိန်၌ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားနှင့် စပ်ဆိုင်သော ဆုသရဖူသည် ငါအတွက် အဆင်သင့် ဟိနိန်၏။ ဖြောင့်မတ်သော တရားသူကြီးဖြစ်တော်မူသော သခင်ဘုရားသည် ထိုဆုသရဖူကို ထိုနိ့၌ ငါ့အား ပီးတော်မူလိမ့်မည်။ ငါ့ကိုသာမက ကိုယ်တော်ကြွလာခြင်းကို လိုလားတောင့်တနိန်သူအားလုံးကိုလည်း ပီးအပ်တော်မူလိမ့်မည်။