သန့်ယှင်းသောဝိညာဉ်တော် ဆင်းသက်တော်မူခြင်း
1ပင်တေကုတ္တေပွဲတော်နိ့ ရောက်သောအခါ ယုံကြည်သူအပေါင်းရို့သည် တစ်နီရာတည်းတွင် စုရုံးနိန်ကြ၏။ 2ထိုအခါ လီပြင်း တိုက်ခတ်သံနှင့်တူသော အသံသည် အာကာပြင်မှ ရုတ်တရက်ပေါ်လာပြီး တပည့်တော်တိ နီထိုင်ရာအိမ်တစ်ခုလုံးသည် ထိုအသံနှင့် ပြည့်လေ၏။ 3ထို့နောက် လျှာနှင့်တူသော မီးတောက်များသည် အဖြာဖြာကွဲလျက် သူရို့အသီးသီးအထက်၌ တည်နိန်သည်ကို မြင်ရကြ၏။ 4ထိုအခါ ထိုသူအပေါင်းရို့သည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီးလျှင် ဝိညာဉ်တော်သည် ထိုသူရို့အား အခွင့်ပီးသောကြောင့် အခြားသော ဘာသာစကားများဖြင့် စတင်၍ ပြောဆိုကြ၏။
5ထိုကာလတွင် လောက၌ဟိကြသော တိုင်းပြည်အသီသီးမှ လာကြသည့် ဘာသာတရား ကြည်ညိုသူ ယုဒလူမျိုးများသည် ယေရုဆလင်မြို့၌ တည်းခိုနိန်ကြ၏။ 6ထိုအသံကို ကြားသောအခါ လူအပေါင်းရို့သည် စုရုံးလာကြ၏။ တပည့်တော်ရို့ ဟောပြောချက်များကို လူတိုင်း မိမိဘာသာစကားအားဖြင့် ကြားရသည်ဖြစ်၍ သူရို့သည် အံ့မောကျကြ၏။ 7သူရို့သည် အံ့မောကျကြလျက်၊ “ဤကဲ့သို့ ဟောပြောနိန်ကြသော ဤလူတိကား ဂါလိလဲပြည်သားတိ မဟုတ်ပါလား။ 8သို့ဖြစ်၍ ငါရို့အသီးသီးသည် ငါရို့၏ ဇာတိဘာသာစကားအတိုင်း ကြားရသည်ကား ဇာပိုင်ဖြစ်သနည်း။ 9ငါရို့သည် ပါတိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာယှိပြည်၊ 10ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည်နှင့် ကုရေနေမြို့အနား လိဗုနယ်ပယ်ဒေသတိမှ လာကြသူများ ဖြစ်ကြ၏။ ငါရို့ထဲက တချို့သော သူရို့ကား ရောမမြို့မှ ရောက်လာသော၊ 11ယုဒအမျိုးသားတိနှင့် ယုဒဘာသာသို့ ကူးပြောင်းလာကြသော တခြားလူမျိုးတိ ဖြစ်ကြပြီး၊ ငါရို့ထဲမှ တချို့သည် ကုရေတေပြည်သားနှင့် အာရပ်အမျိုးသားများ ဖြစ်ကြ၏။ သို့သော် ငါရို့သည် ဘုရားသခင်ပြုတော်မူသော ကြီးမြတ်သည့် အမှုများကို ငါရို့ဘာသာစကားဖြင့် သူရို့ ဟောပြောသည်ကို ကြားရယာ” ဟု ဆို၏။ 12သူရို့သည် အံ့မောကျလျက် ဝေခွဲမရဖြစ်ကာ “ဤအမှုအရာကား ဇာသို့သောအမှုအရာ ဖြစ်သနည်း” ဟု အချင်းချင်း ပြောဆိုကြ၏။
13သို့သော် အခြားသူတိက ယုံကြည်သူရို့အား “ဤသူရို့ကား ယစ်မူးနိန်ကြသော သူများဖြစ်ကြ၏” ဟု ကဲ့ရဲ့ပြောဆိုကြ၏။


