တစ်ခုတည်းသော သတင်းကောင်း
6ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သင်ရို့အား ခေါ်ယူတော်မူသော အသျှင်ကို သင်ရို့သည် ဤမျှလောက် စောလျင်စွာ စွန့်ခွါ၍ အခြားသော သတင်းကောင်းကို နာယူလျက်ဟိသဖြင့် ငါသည် အလွန်အံ့သြ၏။ 7အမှန်ဆိုသော် “အခြားသော သတင်းကောင်း” ဟူ၍မဟိ။ သို့ရာတွင် လူတချို့သည် သင်ရို့ကို အနှောက်အယှက်ဖြစ်စီပြီး ခရစ်တော်၏ သတင်းကောင်းကို မှောက်လှန်လိုခြင်းငှာ ကြိုးစားနိန်ခြင်းသာ ဖြစ်သည်ဟု ငါပြောဆို၏။ 8သို့သော်လည်း ငါရို့ဖြစ်စီ၊ ကောင်းကင်ဘုံမှ ကောင်းကင်တမန်ဖြစ်စီ သင်ရို့အား ငါရို့ဟောပြောခသည့် သတင်းကောင်းနှင့် ကွဲပြားခြားနားသည့် အခြားသော သတင်းကောင်းကို ဟောပြောလျှင် ထိုသူရို့သည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစီ။ 9အယင်က ငါရို့ ပြောခသည့်အတိုင်း အဂုလည်း ထပ်၍ ငါပြောဆို၏။ အကယ်၍ ဇာသူမဆို သင်ရို့လက်ခံခပြီးဖြစ်သည့် သတင်းကောင်းနှင့် ကွဲပြားခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ဘုရားသခင်၏ ကျိန်ခြင်းကို ခံစီ။
10ဤသို့ ပြောဆိုရာတွင် ငါသည် လူ၏အလိုကို လိုက်ရန် ကြိုးစားနိန်သလော။ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို လိုက်ရန် ကြိုးစားနိန်သလော။ ထိုသို့ မဟုတ်လျှင် ငါသည် လူတိစိတ်ကို ကြေနပ်စီခြင်းငှာ ကြိုးစားနိန်သလော။ အကယ်၍ ငါသည် လူတိစိတ်ကို ကြေနပ်စီခြင်းငှာ ကြိုးစားနိန်လျှင် ခရစ်တော်၏ အခိုင်းအစီ ဖြစ်နိုင်မည် မဟုတ်။


