ကောင်းကင်သစ်နှင့် မြီကြီးသစ်

1ထို့နောက် ကောင်းကင်သစ်နှင့် မြီကြီးသစ်ကို ငါ မြင်ရ၏။ ယခင်က ကောင်းကင်နှင့် မြီကြီးကား ပျောက်ကွယ်လားလေယာ။ ပင်လယ်သမုဒ္ဒရာသည်လည်း မဟိယာ။ 2ဘုရားသခင်၏ သန့်ယှင်းသောမြို့တည်းဟူသော ယေရုဆလင်မြို့သစ်ကို ငါမြင်၏။ ထိုမြို့သည် သတို့သားအဖို့ လှပစွာ ဆင်ယင်ထားသည့် သတို့သမီးကဲ့သို့ အဆင်သင့် ပျင်ဆင်လျက်၊ ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။ 3ငါသည် ပလ္လင်တော်မှ ကျယ်လောင်သော အသံတစ်သံကို ကြားရ၏။ ထိုအသံကား “အဂုအခါ ဘုရားသခင်သည် လူသားရို့၌ ကိန်းဝပ်တော်မူယာ။ ကိုယ်တော်သည် သူရို့နှင့်အတူ ကိန်းဝပ်တော်မူလိမ့်မည်။ ထိုသူရို့သည် ကိုယ်တော်၏လူတိ ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်ပင်လျှင် သူရို့နှင့်အတူ ဟိနိန်တော်မူပြီး သူရို့၏ဘုရားဖြစ်လိမ့်မည်။ 4ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ” ဟု ဆို၏။

5ပလ္လင်တော်ထက်တွင် စံတော်မူသောအသျှင်က “အဂုအခါ၌ ခပ်သိမ်းသော အရာများကို ငါ အသစ်ဖန်ဆင်းယာ” ဟု မိန့်တော်မူ၏။ ကိုယ်တော်က “ဤစကားများသည် သစ္စာစကား၊ ဟုတ်မှန်သောစကား ဖြစ်၏၊ ရီးမှတ်၍ ထားလော့” ဟု ငါ့အား မိန့်တော်မူ၏။ 6ထို့နောက် ကိုယ်တော်က “အမှုပြီးယာ။ ငါသည် အာလဖနှင့် ဩမေဃဖြစ်ပြီး အစနှင့် အဆုံးလည်းဖြစ်၏။ ရီငတ်သောသူအား အသက်စမ်းရီကို အဖိုးအခ မပီးရဘဲ သောက်ရသောအခွင့်ကို ငါပီးမည်။ 7အောင်မြင်သောသူသည် ဤကောင်းကြီးမင်္ဂလာ အားလုံးကို ခံစားရလိမ့်မည်။ ငါသည် သူရို့၏ဘုရားဖြစ်မည်။ သူရို့သည်လည်း ငါ၏ သားသမီးတိ ဖြစ်လိမ့်မည်။ 8သို့ရာတွင် ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဖွယ်ကောင်းသောသူ၊ လူ့အသက်ကို သတ်သောသူ၊ အကျင့်ပျက်သောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူရို့နှင့် လိမ်လည်ပြောဆိုသော သူရို့သည် ကန့်နှင့်ရောသော မီးအိုင်ထဲ၌ ကျရကြလိမ့်မည်။ ဤကား ဒုတိယသီဆုံးခြင်း ဖြစ်သတည်း” ဟု မိန့်တော်မူ၏။