ယုဒလူမျိုးများနှင့် ပညတ်တရား

17သင်ရို့သည် မိမိကို မိမိ ယုဒလူဟု ပြောဆိုနိန်သောသူ၊ ပညတ်တရားကို အမှီပြုလျက် ဘုရားသခင်နှင့်ပတ်သက်၍ ဝါကြွားနိန်သောသူ၊ 18ဘုရားသခင်၏အလိုတော်ကို သိသောသူ၊ ဖြောင့်မတ်ခြင်းတရားကို ပညတ်တရားမှ သင်ယူထားသောသူ၊ 19လူကန်းတိကို လမ်းပြသောသူ၊ မှောင်မိုက်ထဲမှာ ဟိနိန်ကြသော လူတိအတွက် အလင်းဖြစ်သောသူ၊ 20လူမိုက်တိကို ဆုံးမတတ်သောသူ၊ ပညာမဲ့သောသူတိကို သွန်သင်ပီးတတ်သောသူ၊ ပညတ်တရားထဲ၌ဟိသော ပညာတရားနှင့် သမ္မာတရားဆိုင်ရာများကို သိသောသူဖြစ်သည်ဟု ကိုယ့်ကိုယ်ကို ထင်မှတ်လျှင်၊ 21သင်သည် တခြားလူတိကို ဆုံးမလျက်ပင် မိမိကိုယ်ကို ဇာကြောင့် မဆုံးမသနည်း။ သူ့ဥစ္စာကို မခိုးရဟု ဟောပြောလျက်ပင် မိမိကိုယ်တိုင် ခိုးနိန်ပါကား။ 22သူ့မယားကို မပြစ်မှားနှင့်ဟု ဆုံးမလျက်ပင် ကိုယ်တိုင် ပြစ်မှားနိန်ကတ်ပါကား။ ရုပ်တု ဆင်းတုများကို စက်ဆုပ်ရွံယှာလျက်ပင် ဗိမာန်တော်ကို လုယူနိန်ကတ်ပါကား။ 23သင်ရို့သည် ဘုရားသခင်၏ပညတ်တရား ဟိကြောင်းကို ဝါကြွားလျက်ဟိကြ၏၊ သို့သော်လည်း သင်ရို့သည် ဘုရားသခင်၏ပညတ်တရားကို လွန်ကျူးကာ ဘုရားသခင်ကို မရိုမသီပြုနိန်ပါသလော။ 24“သင်ရို့ ယုဒလူမျိူးကြောင့် တခြားလူမျိုးရို့သည် ဘုရားသခင်ကို ကဲ့ရဲ့ပြောဆိုကြ၏” ဟု ကျမ်းစာလာ၏။

25သင်သည် ပညတ်တရားကို ကျင့်လျှင် သင်၏အရီဖျားလှီးခြင်းသည် အကျိုးဟိ၏။ သို့ရာတွင် သင်သည် ပညတ်တရားကို မကျင့်လျှင် သင်၏အရီဖျားလှီးခြင်းသည် အရီဖျား မလှီးသည်နှင့် အတူတူသာဖြစ်၏။ 26ထို့ပြင် အရီဖျားလှီးခြင်းကို မခံယူသော တခြားလူမျိုးတစ်ယောက်သည် ပညတ်တရား၏မိန့်ဆိုချက်များကို ကျင့်လျှင် ထိုသူသည် အရီဖျားလှီးခြင်းကို မခံယူသော်လည်း ဘုရားသခင်က သူ့ကို အရီဖျားလှီးခြင်းကို ခံယူထားသောသူဟူ၍ မှတ်ယူမည် မဟုတ်ပါလော။ 27ထို့အပြင် သင်ရို့ယုဒလူမျိုးတိသည် ပညတ်တရားဟိ၍ အရီဖျားလှီးခြင်းကို ခံယူထားသော်လည်း ပညတ်တရားကို လွန်ကျူးလျှင် အရီဖျားလှီးခြင်းကို မခံယူသော်လည်း ပညတ်တရားကို နာခံကြသော တခြားလူမျိုးတိ၏ အပြစ်စီရင်ခြင်းကို ခံရကြလိမ့်မည်။ 28အားလုံးကို ခြုံငုံပြောရလျှင် ဇာသူသည် အရီဖျားလှီးခြင်းကို ခံယူထားသော ယုဒလူ အစစ်အမှန် တစ်ယောက် ဖြစ်သနည်း။ အပြင်ပန်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာ အရီဖျား လှီးထားခြင်းသည် ယုဒလူမျိုးတစ်ယောက် မဟုတ်ပေ။ 29အမှန်ပြောရလျှင် အတွင်းနှလုံးသားအရီဖျားကို လှီးထားသော သူတစ်ယောက်သည်သာ စစ်မှန်သော ယုဒလူဖြစ်ပေ၏။ ဤအမှုသည်ကား ဘုရားသခင်၏ဝိညာဉ်တော် လုပ်ဆောင်ခြင်းဖြစ်၏။ ပညတ်တရားနှင့် မသက်ဆိုင်။ ထိုသို့သောသူသည် လူအများ၏ချီးမွမ်းခြင်းကို မခံရသော်လည်း ဘုရားသခင်၏ချီးမွမ်းခြင်းကို ခံရပေ၏။

1ထိုသို့ဖြစ်လျှင် ယုဒလူမျိုးတိသည် တခြားလူမျိုးတိထက် ဇာထူးခြားမှု ဟိပါသိမ့်လဲ။ သို့တည်းမဟုတ် အရီဖျားလှီးခြင်းကို ခံယူခြင်းအားဖြင့် ဇာအကျိုး ဟိပါလဲ။ 2အမှန်ဆိုရလျှင် အဖက်ဖက်၌ အကျိုးကျေးဇူး များစွာဟိပါ၏။ ဘုရားသခင်သည် မိမိ၏ဗျာဒိတ်တော်ကို ယုဒလူမျိုးများအား ပထမဦးစွာ ပီးအပ်ခ၏။ 3သို့ရာတွင် ယုဒလူမျိုးတချို့သည် သစ္စာမဟိခပါကား။ ဘုရားသခင်သည် သစ္စာမဟိဟု ဆိုပါမည်လော။ 4လုံးဝ မဆိုနိုင်ပါ။ လူတိုင်းသည် မုသာတရား၌ ကျင်လည်နိန်ကြသော်လည်း ဘုရားသခင်၏သစ္စာတော်သည် အစဉ်အမြဲ တည်တော်မူ၏။ သို့ဖြစ်၍ ကျမ်းစာလာသည်ကား၊

“ကိုယ်တော်သည် မိန့်တော်မူသောအခါ ဖြောင့်မတ်ကြောင်းကို ပြတော်မူ၏။

သို့ဖြစ်၍ ကိုယ်တော်သည် တရားစီရင်ခြင်းကို ရင်ဆိုင်သောအခါ မိမိအမှု၌ အောင်မြင်တော်မူ၏” ဟူ၍ ဖြစ်၏။

5သို့ရာတွင် ငါရို့၏ပြစ်မှားခြင်းသည် ဘုရားသခင်ဖြောင့်မတ်တော်မူကြောင်းကို သာ၍ ထင်ရှားစီသလော။ ဘုရားသခင်သည် ငါရို့အား အပြစ်ပီးတော်မူသောအခါ မှားသည်ဟု ငါရို့က ပြောနိုင်မည်လော။ ထိုသို့ဆိုသော် လူ့ဇာတိသဘောအတိုင်း ငါဆိုခြင်း ဖြစ်လိမ့်မည်။ 6ထိုသို့ မဆိုနိုင်။ ဘုရားသခင်သည် တရားမျှတမှုမဟိလျှင် လောကသားတိကို ဇာပိုင် တရားစီရင်တော်မူမည်နည်း။

7သို့သော် ငါ၏ မမှန်သော သဘောသည် ဘုရားသခင်၏ အမှန်တရားကို သာ၍ ထင်ရှားစီပြီး ဘုရားသခင်၏ဘုန်းတော်ကို တိုးပွားစီသလော။ ထိုသို့ဆိုလျှင် ငါ့အား အပြစ်သားတစ်ယောက်ကဲ့သို့ ဇာကြောင့် အပြစ်စီရင်နိန်ကြသနည်း။ 8ထိုအခါ လူတချို့က “ငါရို့သည် ကောင်းကျိုးဖြစ်လာဖို့ မကောင်းသော အကျင့်ကို ငါရို့ ကျင့်ကတ်မေ” လို့ ဇာကြောင့် မပြောလဲ ဟူ၍ ငါပြောသည့်စကားဖြင့် ငါ့ကို စွပ်စွဲပြီး ငါ့အား အပြစ်တင်ကြ၏။ ထိုသူရို့သည် မိမိရို့ ပြုသည့်အတိုင်း ထိုက်တန်သည့်ပြစ်ဒဏ်စီရင်ခြင်းကို ခံကြရလိမ့်မည်။